Wednesday, September 30, 2009

ခေတ်ပြုင် သတင်း

မွန်ပြည်သစ် ကန့်သတ်နယ်မြေအတွင်း တပ်စခန်းနှင့်ဂိတ်တည်ရန် နအဖပြင်ဆင် NEJ / ၂၉ စက်တင်ဘာ ၂၀၀၉
အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ထားသည့် အဓိကကျသော နေရာအချို့တွင် မြန်မာစစ်အစိုးရက တပ်စခန်းနှင့် ဂိတ်သစ်များ တိုးချဲ့ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း စုံစမ်းသိရှိရသည်။
အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) ၏ လျှို့ဝှက်ညွှန်ကြားချက်ဖြင့် မွန်ပြည်သစ်ထိန်းချုပ်ရာ ဘုရားသုံးဆူ နယ်စပ်ဒေသ တနေရာနှင့် သထုံခရိုင်၊ ကျိုက်မရောနှင့် ကော့ကရိတ်မြို့နယ်တို့တွင် ရွေးချယ်ထားကြောင်း ရတခ လက်အောက်ခံ တပ်ရင်းတရင်းမှ နအဖဗိုလ်မှူးတဦးက ပြောကြားသည်။
မြန်မာစစ်အစိုးရက မွန်ပြည်သစ် ကန့်သတ်နယ်မြေအတွင်း တပ်တည်စခန်းနှင့် ဂိတ်သစ်တိုးချဲ့ရန် စီစဉ်နေသည်မှာ မှန်ကန်ကြောင်း မွန်ပြည်သစ် စစ်ဘက်အရာရှိတဦးကလည်း အတည်ပြုပြောကြားခဲ့ပြီး ထိုသို့ အမှန်တကယ် အကောင်အထည်ဖော်ခဲ့ပါက နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားနိုင်သည်ဟု ဆိုသည်။
၎င်းက “အပစ်ရပ်တုန်းက တပ်တည်နေရာ ချမှတ်ထားရေးအပိုင်းမှာ နယ်မြေကျူးကျော်ပိုင်ခွင့်မရှိတဲ့ ကိုယ်ပိုင်ဒေသတွေ ရှိတယ်။ ပါတီအတွက် အသက်သွေးကြောဖြစ်တဲ့ နယ်စပ်ဒေသထဲမှာ နအဖက ဂိတ်ဖွင့်တာ၊ တပ်စခန်း တည်တာမျိုး လုပ်လာရင်တော့ ရထားပြီးသား သင့်မြတ်ရေးကို ထိခိုက်နိုင်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
တပ်စခန်းထားရှိရန် မြန်မာစစ်အစိုးရဘက်က တရားဝင်ခွင့်တောင်းခြင်း မရှိသေးသော်လည်း သတ်မှတ်ထားသည့် နေရာများအနက် ဘုရားသုံးဆူဒေသအတွင်းရှိ ထိုင်းနိုင်ငံ စန်ခရဘူရီနှင့် မွန်ပြည်သစ် ဗဟိုဌာနချုပ်သို့သွားရာ အဓိက နယ်စပ်ဂိတ်တဝိုက်လည်း ပါဝင်သည်ဟု မွန်ပြည်သစ်က ပြောသည်။
“ကျနော်တို့ရဲ့ အဓိကလမ်းကြောင်းအဖြစ် သုံးနေတဲ့ ဟလောက်ခနီ နယ်စပ်ဂိတ်လမ်းကြောင်းမှာတော့ သူတို့ တပ်လာတည်ခွင့်မရှိဘူး။ နအဖက ဒီလိုစီစဉ်တာက နယ်ခြားစောင့်တပ်ဖွဲ့ဖို့ ဖိအားပေးတာလည်း ဖြစ်နိုင်တယ်။ ဒီနယ်မှာ လုပ်လည်း မလုပ်သင့်ဘူး” ဟု မွန်ပြည်သစ် စစ်ဘက်ရေးရာအရာရှိက ပြောသည်။
၁၉၉၅ ခုနှစ် နောက်ပိုင်းတွင် အဆိုပါဟလောက်ခနီ နယ်စပ်ဂိတ်အနီးတဝိုက်တွင် ဂိတ်ဖွင့်လှစ်ရန် ၂၀၀၃ ခုနှစ်အထိ စစ်အစိုးရက ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။
ဟလောက်ခနီ နယ်စပ်ဂိတ်သည် ဘုရားသုံးဆူမြို့နှင့် ကီလိုမီတာ (၄၀) ကျော်၊ စန်ခရဘူရီမြို့မှ ကီလိုမီတာ (၃၀) ခန့် ကွာဝေးပြီး နွေရာသီတွင်သာ အသုံးပြုနိုင်သည့် ကားလမ်းမှာ မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့အထိ ခရီးပေါက်ရောက်သည်။
အဆိုပါ ဟလောက်ခနီဂိတ်နှင့် (၁) ကီလိုမီတာခန့်အကွာတွင် ဘန်တောင်ယန်း ဒုက္ခသည်စခန်းတည်ရှိပြီး ဒုက္ခသည်ပေါင်း (၄,၃၀၀) ကျော် မှီခိုလျက်ရှိကြောင်း ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်အရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (TBBC) ၏ မှတ်တမ်းတွင် ဖော်ပြထားသည်။မွန်ပြည်သစ် ဗဟိုကော်မတီဝင်တဦးက “ဒီ (ဟလောက်ခနီ) နယ်စပ်လမ်းကြောင်းကို နအဖက ချုပ်ကိုင်ချင်ရင် ကျနော်တို့ကို တိုက်ရိုက်နည်းနဲ့ ဖိအားမပေးရင်တောင်မှ ဒီတဝိုက်လှုပ်ရှားနေတဲ့ ကေအန်ယူတပ်ဖွဲ့တွေကို စစ်ဆင်နေတယ်ဆိုပြီး နအဖ စစ်တပ်တွေ အချိန်မရွေး ဝင်ရောက်လှုပ်ရှားနိုင်တယ်။ ဒါပေမယ့် ဒီနယ်စပ်ဂိတ်အထိတော့ သူတို့ကို ဝင်ခွင့်ပေးမှာမဟုတ်ဘူး။ အဲဒီနယ်စပ်ဂိတ်ကနေ ဒုက္ခသည်စခန်းလည်း ရှိတယ်လေ။ ဒီမှာ နအဖဂိတ်ရှိသွားရင် သူတို့ဘယ်လိုလုပ် သွားလာလို့ရတော့မလဲ” ဟု ပြောသည်။

Monday, September 21, 2009

မြန်မာနိုင်ငံသားများ ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် အချက်အလက်များ

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသားများကို ယခုအခါ မြန်မာ နှင့် ထိုင်းအစိုးရအဖွဲ့တို့ ညှိနှိုင်း၍ ယာယီ နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးခြင်း တရား ၀င်ဝင်ဗီဇာ နှင့် တရားဝင် အလုပ်လုပ်ခွင့် ပါမစ်များ ရရှိအောင် စီစဉ်ဆောင်ရွက်ပေး ခြင်းများ ပြုလုပ်လျှက်ရှိပါသည်။ ယင်း အစီအစဉ် တွင် အားသာချက် အးနည်းချက် အမျိုးမျိုး ရှိရာ ကျွန်တော်သိထားသော အားသာချက် အားနည်းချက် များနှင့် သတင်းအချက်လက် များကို ဖော်ပြ ရေးသားလိုက် ပါသည်။

( က )့ယာယီ မြန်မာနိုင်ငံကူးလက်မှတ် ပြုလုပ်ပုံ အဆင့်ဆင့်

၁။ ထိုင်းနိုင်ငံအတွင်းလက်ရှိမိမိတို့ နေထိုင်ရာမြို့နယ် အလုပ်သမားရုံးသို့သွား၍ မြန်မာနိုင်
ငံသားဖြစ်ကြောင်း အမည် အဖ အမည်နေရပ်လိပ်စာ၊စသည်တို့ကို ရေးသားဖြည့်စွက်
ရန် ဖောင်တောင်း ယူပြီး ဖြည့်ရမည်။ယင်းဖောင်ကို ဖြည့်ြ့ပီးနောက် ၄င်းရုံးကို တင်ထား
ရမည်။ ၄င်း ရုံးမှဖောင်များကို မြန်မာ နိုင်ငံအားဏာပိုင်များထံ ပို့ပေးမည်ဖြစ်သည်။
ယင်းကို မြန်မာ နိုင်ငံဘက် မှ စိစစ် အတည်ပြုပြီးနောက် အလုပ်သမားရုံးကို ပြန်ပို့ပေး
မည်။ ရောက်လာသောအခါ အလုပ်သမားရုံးက ဖုန်းဆက် အကြောင်းကြားမည်။ဖြစ်
သည်။ ယင်းအတွက် စောင့်ဆိုင်းချိန် အနည်းဆုံး (၁၅ )ရက် ခန့်ကြာမြင့်သည် နောက်
ပိုင်း လူများလာလျှင် ပို၍ ကြာနိုင်သည်။နိုင်ငံသား မှတ်ပုံတင် ရှိလျှင် ပိုကောင်းသည်
မှတ်ပုံ တင် မရှိလျှင် နေရပ်လိပ်စာ တိကျစွာ ဖောပြဖို့လိုသည်။အလုပ်သမား ရုံးတွင်
ဓာတ်ပုံ ရိုက်ခ ဘတ်၁၅၀ နှင့် စီနီယာကဒ် ၊ ဖောင်စာရွက်စာတမ်းကြေးအတွက် ဘတ်
၁၀၀ စုစု ပေါင်း ဘတ် ၂၅၀ ပေးရသည်ဟု သိရပါသည်။

၂။ ယင်းဖောင်များကို ယူ၍ သတ်မှတ်ထားသော မြန်မာနယ်စပ် ဂိတ်တစ်နေရသို့ ကိုယ်
တိုင်သွားရမည်။ နယ်စပ် ကို ဖြတ်မကျော်မီ နယ်စပ်ရှိ ထိုင်း လ.၀.ကရုံးတွင် နယ်စပ်
ဖြတ်သန်းခွင့်လက်မှတ် တောင်းယူရမည်။ မြန်မာ နိုင်ငံ နယ်စပ်ဖက် တွင် မှုခင်း ဌာန-
ရဲ၊ အလုပ်သမားသမားဌာန နှင့် လ၀က-ရဲတို့ အတူ ရုံးထိုင်သောနိုင်ငံကူးလက်မှတ်
ထုတ်ပေးရေး အဖွဲ့ကယာယီမြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးလိမ့်မည်။ ယင်းနေရာ
တွင် စာရွက် စာတမ်းဖိုး မြန်မာငွေ ၃၀၀၀ ကျပ် ပေးဆောင်ရမည်။ယင်းနောက် မြန်မာ
လ.၀. ကတွင် အထွက် တံဆိပ်တုံး ထု၍ ၊ထိုင်းနိုင်ငံ သို့ဝင်ပြီး ထိုင်းလ.၀.ကတွင် အ၀င်
တံ ဆိပ်တုံး ထု ရမည်။ယင်း တံဆိပ်တုံးတွင် တစ်ပါတည်း ၂ နှစ်သက်တမ်း နေထိုင်ခွင့်
ပါဝင်ပြီး ဖြစ်သည်။ ထိုင်းလ.၀.က တွင် ဘတ်ငွေ ၂၀၀၀ ပေးရမည်ဖြစ်သည်။ဤဆင့်
ထိ ရောက်လျှင်ထိုင်းနိုင်ငံ ၌ တရားဝင် နေထိုင်ခွင့် ရပြီဖြစ်သည်။

၃။ မြန်မာ နိုင်ငံကူးလက်မှတ်ရရှိပြီးနောက် ယခင် အလုပ်သမား ဘတ်က သက်တမ်း ရှိနေ
သေးလျှင် ယင်းဘတ်ဖြင့်ပင်တရားဝင် အလုပ် လုပ်၍ ရနေနိုင်ပါသေးသည်။ဘတ်သက်
တမ်း ကုန်မည် ဆိုလျှင် ယာယီ နိုင်ငံကူလက်မှတ်ကို ပြ၍ မိမိ အလုပ်လုပ်မည့် မြို့နယ်
အလုပ်သမား ရုံးတွင် အလုပ်လုပ်ခွင့် ပါမစ်တင်ရပါမည်။ ယင်းအတွက် သွေးစစ်ခ ဘတ်
၆၀၀ ၊ ပါမစ်ကြေး ဘတ်၁၉၀၀ ပေးရပါမည်။ ဤ အဆင့်တွင် တရားဝင် အလုပ်ခွင့် ရ
ပြီဖြစ်သည်။

(ခ) အမှန်တကယ် မဖြစ်မနေ ကုန်ကျသောငွေ

၁။ မြန်မာ နိုင်ငံ နယ်စပ် တွင် ယာယီ မြန်မာ နိုင်ငံကူး လက်မှတ်အတွက် (၃၀၀၀ကျပ် )
(ခန့်မှန်း ) ဘတ် ၁၀၀
၂။ ထိုင်းလ.၀.က တွင် ပေးရငွေ ဘတ် ၂၀၀၀
၃။ အလုပ်သမား ရုံးတွင် အလုပ် လုပ်ခွင့် ပါမစ် အတွက် ဘတ် ၁၉၀၀
၎။ သွေးစစ်ခ ဘတ် ၆၀၀
၅။အလုပ်သမား ရုံးတွင် ဓာတ်ပုံ စာရွက် စာတမ်းဖိုး ပေးရငွေ ဘတ် ၂၅၀

စုစုပေါင်း ကုန်ကျငွေ ဘတ် ၄၈၅၀


( ဂ )အေးဂျင့် များ ပွဲစားများ နှင့် ပြုလုပ်ရပုံ။

ယာယီ မြန်မာ နိုင်ငံကူးလက်မှတ်များ လုပ်ပေး သည်ကိုကြားသိရသော အေးဂျင့်ပွဲစားများ
အလျှိုလျှို ပေါ်လာကြပါသည်။အခု အခါ အလုပ်ရှင် သူဌေး များကို ကိုယ်တိုင် အေးဂျင့် ပုံ စံ လုပ်၍ တစ်ယောက်လျှင် (အလုပ် လုပ်ခွင့်ပါမစ်ကြေးမပါ် )၇၀၀၀ ဘတ် ၇၅၀၀ ဘတ်၊ ( အလုပ်လုပ် ခွင့် ပါမစ်ကြေး နှင့် သွေးစစ်ခပါပြီး )၁၀၀၀၀ ဘတ်စသည်ဖြင့် လုပ်ပေး နေပြီ ဖြစ်ပါသည်။ယင်းအေးဂျင့် များနှင့် ပြုလုပ်လျှင် အမှန်တကယ် ကုန်ကျငွေထက်ပိုပေး ရသော အားနည်းချက်ရှိပြီး အချိန်ကုန်လူပန်းသက်သာခြင်း၊ လမ်းခရီး အဆင်ပြေချောမွေ့ ခြင်း အများနှင့် စုပေါင်း ပြုလုပ်ခြင်းဖြစ်သောကြောင့် ဦးစားပေးစနစ်ရှိခြင်း ၊စီနီယာ နံပတ် ရှာ ရ လွယ်ကူခြင်း စသော အားသာချက်များ ရှိပါသည်။ယင်းသို့ အမှန်တကယ် ကုန်ကျ ငွေ ဘတ် ၄၈၀၀ ခန့်ထက် ပိုပေးရခြင်းမှာ လမ်းစရိတ် နှင့် ၀န်ဆောင်ခ များအတွက် ဖြစ် သည် ဟု သိရပါသည်။


( ဃ ) ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်သူများကို အဖမ်းအဆီး တကယ်ရှိသလား

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်သူများကို အဖမ်းအဆီးများ ရှိနေသည် ဟု အချို့ကောလ ဟာလ သတင်းများ ၊ ဘလော့ ၀က်ဆိုက်များတွင် ဖော်ပြနေပေသည်။စာရေးသူ အယူအ အရ လောလောဆယ် တွင် အဖမ်းအဆီး မရှိနိုင်ပါ။ မြန်မာ ရွှေ့ပြောင်းအလုပ်သမား များ အရေးနှင့် ပတ်သက်၍ ထိုင်းမြန်မာ အစိုးရ နှစ်ဖက်စလုံးတွင် ဖိအားပေါင်းစုံ ပြဿ နာ ပေါင်းစုံ ၇ှိနေရာ ၊ အထူးသဖြင့် ထိုင်းနိုင်ငံတွင် ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံသား အလုပ် သမားများ အတွက် နိုင်ငံကူးလက်မှတ်များ ရှိနေပြီး မြန်မာ နိုင်ငံသားများအတွက် ရှိမနေသေး သောကြောင့် အလုပ်ရှုပ်နေရခြင်း၊ မြန်မာ အစိုးရကလည်း ၄င်းတို့အတွက် ဂုဏ်သိက္ခာများ ကျ ဆင်းနေသောကြောင့် အတတ်နိုင်ဆုံး ပြေလည် အောင် ဆောင်ရွက်လိုစိတ်များ ရှိနေကြပါ သည်။အဖမ်း အဆီးများရှိနေသည် ဆိုခြင်းမှာ ယခင် လူပို့ လူယူ ပွဲစားများက သူတို့ ၏ လုပ်ငန်းခွင် စားပေါက် များ ပျောက်သွား မည်စိုးသောကြောင့် ကောလဟာလများ လွှင့်နေခြင်း၊ တချို့ ထိုင်းလုပ်ငန်း၇ှင် နှင့် သွားစဉ် အဖမ်း ခံရသည် ဆိုခြင်းမှာ နယ်စပ် ထိုင်း လ.၀. က တွင် နယ်စပ် ဖြတ်သန်းခွင့်လက်မှတ်များ ပြုလုပ်ခြင်း မ၇ှိသောကြောင့် ဟု သိရပါသည်။ထို့ကြောင့် အမှန်တကယ် အဖမ်း ခံရသည် ဆိုလျှင် ၊သတင်းရင်း မြစ် ကို တိကျ စွာ လိုက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများကို တိကျစွာ သတင်းပေးသင့်ပါသည်။

(င) ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပေးရာ၌ အားသာချက် အားနည်းချက်များ ။

မြန်မာ နိုင်ငံသားများအတွက် ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ခြင်းသည် အမှတ်တကယ် ဆိုလျှင် လွန်စွာအားပေးသင့်သော ကိစ္စ ဖြစ်ပါသည်။ ထိုင်းတနိုင်ငံလုံး မည်သည့် နေရာ မဆို တရားဝင် သွားလာနိုင်ခြင်း၊အမှုအခင်း ပြဿနာ တစ်စုံတရာရှိလာလျှင် ပြောဆိုလုပ် ပိုင်ခွင့် ပိုမို၇ှိလာနိုင်ခြင်း စသော အားသာချက်များ ရှိပါသည်။
အားသာချက်များရှိသလို အာနည်းချက်များလည်း ရှိနေပါသည်။အလုပ်သမား မှတ်ပုံ တင်များ သက်တန်းတိုးပြီးသည်မှာ မကြာသေးသည့် အတွက် ယခု နိုင်ငံကူးလက်မှတ် အတွက်ပါ ထပ်မံကုန်ကျမည် ဆိုလျှင် အလုပ်သမား များ အတွက် ငွေကုန်ကျမှု လွန် စွာ များနေခြင်း၊မိမိတို့ နေရပ်လိပ်စာ များကို တိကျစွာ ပေးထားရသောကြောင့် မြန်မာ ပြည် တွင်ကျန်ရှိနေသော မိဘ ညီအစ်ကို မောင်နှမ များထံ မြန်မာ အာဏာပိုင်များမှ နောက်ပိုင်း တွင် ငွေတောင်းခံ ခြိမ်းခြောက်မှုများ ရှိလာနိုင်သည်ဟု စိုးရိမ်နေရခြင်း စသည်တို့ဖြစ်ပါ သည်။

( စ ) ဆက်လက်ရှိနေဦး မည့် ပြဿနာ အခက်အခဲများ။

၁။ ထိုင်းနိုင်ငံ အစိုးရက လက်ရှိဘတ်သက်တမ်းကို ၂၀၁၀ ဖေဖော်ဝါရီ လအထိ သာ သတ်မှတ်ထားခြင်း။

၂။ မြန်မာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အဖွဲ့ကို သုံးနေရာသာ ထားရှိခြင်း။

၃။အကြောင်းအမျိုးမျိုးကြောင့် မြန်မာ စစ်အစိုးရ ဥပဒေနှင့် ဆန့်ဘက် ရှိထားသူများ
အနေဖြင့် မိမိ တို့ နေရပ်လိပ်စာ ကို ပေးဖို့ရန် ဆန္ဒ မရှိခြင်း

နံပတ် ၁ ပြဿနာ အတွက် ယာယီမြန်မာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး အဖွဲ့ကို သုံးနေရသာ ထားရှိခြင်းကြောင့် တစ်လ ကို လူအရေအတွက် ၁၀၀၀၀ လောက်သာ လုပ် ပေးနိုင်သည် ကို တွေ့နေရပေသည်။နံပတ်၂ ပြဿနာ အတွက် ထိုင်း နိုင်ငံ အစိုးရ ကလည်း လက်ရှိ မြန်မာအလုပ် သမား များကိုင်ဆောင်ထားသော ဘတ်သက် တမ်းကို ၂၀၁၀ ဖေဖော်ဝါရီ လအထိသာ သက်တုန်း ကုန်းဆုံးရက် သတ်မှတ်ထားသော ကြောင့် ထိုင်း နိုင်ငံတွင် လက်ရှိ ရှိနေသော မြန်မာ အလုပ်သမား တစ်သန်းကျော် ၂ သန်း ခန့် အတွက် မည်သို့မျှ အချိန်မီ ဆောင်ရွက် နိုင်ဖို့ ရန် မဖြစ်နိုင်ပေ။နံပတ်၃ ပြဿနာအတွက် ကလည်း စဉ်း စား စရာ ကိစ္စ ဖြစ်ပေသည်။ မြန်မာ နိုင်ငံ တရား ဥပဒေသည် လူအများ ဥပဒေ ချိုးဖောက် ဖို့ အလွန်လွယ်ကူအောင် ပြုလုပ်ထားသော ဥပဒေများ ဖြစ်နေပေရာ ၊နိုင်ငံရေး အရ လည်း ကောင်း ရာဇ၀တ်မှုများ အရလည်ကောင်း ဥပဒေနှင့် ဆန့်ကျင်ထားသူများ ရှိနေ ပေ ရာ ယခင်က ထိုသူများသည် မိမိတို့၏ နေရပ်လိပ်စာများ အဆင်ပြေသလိုလွဲမှား ပေးလို့ ရနေ သော်လည်း ယခု မိမိ တို့ နေရပ်လိပ်စာကို တိကျစွာ ပေးရမည့် အခြေ အနေများ ဖြစ်လာ သည့် အခါ လုံးဝ ဆန္ဒ ရှိကြမည် မဟုတ်ပေ။ ၄င်း တို့ အနေဖြင့် ယာယီ မြန်မာ နိုင်ငံကူး လက်မှတ်ထုတ်ပေးမည့် အခြေအနေကို ကန့်ကွက် တားဆီး သည့် အခြေအနေမျိုးပင်ဖြစ် လာနိုင်ပေသည်။
အင်တာနက် စာမျက်နှာ တစ်ခုတွင် တွေ့ရသည်မှာ ယာယီနိုင်ငံကူးလက် မှတ်လုပ်ပြီးသူများ၏ ပတ်စပို့ကို အလုပ်ရှင်သူဌေးက သိမ်းယူထားကြောင်း သိရပါသည်။ ယင်းကိစ္စမှာ တရားမ၀င် ကိစ္စ ဖြစ်ပါသည်။ အလုပ်ရှင် သူဌေး များ အနေဖြင့် အလုပ်သမား ၏ နိုင်ငံကူးလက်မှတ်ကို သိမ်းယူခွင့် မရှိပါ ၊ မိမိတို့ ကိုယ်တိုင် ကြောက်ရွံ့ ညံ့ဖျင်း စွာ မပေး မိဖို့ လိုသလို အဓမ္မ သိမ်းယူလျှင် တရား စွဲခွင့်ရှိပါသည်။ သက်ဆိုင်ရာ အဖွဲ့အစည်း များကို တိုင်ကြားနိုင်ပါသည်။

နိဂုံး သုံးသပ်ချက် ။

မြန်မာအစိုးရနှင့် အလုပ်သမား များ အကြား ယာယီ မြန်မာ နိုင်ငံကူး လက်မှတ် လုပ်ငန်းစဉ် နှေးကွေးနေရခြင်း၏ အဓိကအကြောင်း မှာ တစ်ဦးအပေါါ် တစ်ဦး မယုံကြည်ခြင်းသည် အဓိက ပြဿနာ ဖြစ်နေပါည်။ တချို့က မြန်မာ အစိုးရအာဏာ ပိုင်များကို ထိုင်းနိုင်ငံ အတွင်းသို့ ဖိတ်ခေါ်၍ ပြုလုပ်ဖို့ရန် ဆွေးနွေး ကြည်သည်များ ရှိ ပါသည် မြန်မာ အာဏာပိုင်များကလည်း စိတ်ဝင်စားကြပါသည်။ယင်းသို့ဆိုလျှင် လျှင် မြန်စွား စိစစ် အတည်ပြု ပြီး စီး နိုင်မည် ဖြစ်သည်။ သို့သော် မြန်မာ အာဏာပိုင်များကို မကျေနပ်ချက် အားကြီးသူများ၏ ဆန္ဒပြမှာ ၊ လုံခြုံရေး အန္တရာယ်ပြုမှာ ကိုတော့ သူတို့ ကြောက်ရွံ့ကြပါသည်။ ထို့ကြောင့် ယင်းအစီအစဉ် အကောင်အထည် မပေါ်ဖြစ်ခဲ့ကြောင်း သိရပါသည်။အာဏာပိုင်များက အလုပ်သမားများကို ယင်းသို့ သံသယ စိတ်ရှိသည့်နည်း တူ အလုပ်သမား များကလည်း သူတို့၏ နေရပ်လိပ်စာများ အမှန် တကယ်ပေးလိုက်ပြီး နိုင်ငံကူးလက်မှတ်လုပ်သည့် နောက်ပိုင်း တွင် မြန်မာ ပြည်တွင် ကျန်ရှိသော မိသားစုများ ကို အာဏာပိုင်များက ခြိမ်းခြောက် အကျပ်ကိုင်မှာ ငွေ ကြေး အဓမ္မ ကောက်ခံမှာ ကို ကြောက်ရွံ့ စိုးရိမ်သော သံသယ များ ရှိနေခြင်းကြောင့် နိုင်ငံကူးလက်မှတ်ပြုလုပ်ခြင်းကို တွန့်ဆုတ် နေခြင်းများ လည်း ရှိနေကြပါသည်။
အထက်ပါ သံသယ များကို ဆန်းစစ်ကြည့်လျှင် အဓိက တာဝန်ရှိသူမှာ မြန်မာ အစိုး ရကိုယ် တိုင်ဖြစ်နေသောကြောင့် ယာယီနိုင်ငံကူလက်မှတ် အမြန်ပြီးစီး အောင်မြင် စေလို လျှင် တာဝန်ခံ မှု ပွင့်လင်း ထင်မြင်သာ ရှိမှု များ ဖြင့် သတင်း အချက် အလက် ထုတ်ပြန် ဖို့ လိုအပ်မည် ဖြစ်ပေသည်။

အထက်ပါ မြန်မာ နိုင်ငံကူး လက်မှတ်ပြုလုပ်ရေး အစီအစဉ်များကို အသေးစိတ်သိရှိလိုပါလျှင် အောက် ပါ အတိုင်း ဆက်သွယ် နိုင်ပါသည်။




E mail-- gldn12@gmail.com
Phone 0854080850 0867560835


ကလောင်သွား

Thursday, September 17, 2009

အမြင်များ ပြောင်းလည်းစေဖို့


အမြင်များ ပြောင်းလည်းစေဖို့

မြန်မာပြည် ဒီမိုကရေစီ အရေးကြာရှည်နေတာဟာ မြန်မာလူမျိုးတွေ ရဲ့တွေး ခေါ်ပုံ ကျင့်သုံးပုံ ယဉ်ကျေးမှုနဲ့လည်း သက်ဆိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ မှန်မှန် မှားမှား အင်အားကြီးသူကိုအလေးဂရုပြုရမယ်ဆိုတဲ့ စိတ်အခြေခံ ရယ်ံ၊ ရုပ်ပိုင်း၊စိတ်ပိုင်း သဘာဝရဲ့ အကောင်းအဆိုး သဘောတရားတွေကို ပွင့်လင်းစွာ လက်ခံနိုင်တဲ့ သဘော တရားအားနည်းတာရယ် ဘာပဲဖြစ်ဖြစ်လူကြီးမှန် ၀ါဒကို အလေး ထားနေတာရယ်၊ စတာတွေဖြစ်ပါတယ်။ တယူသန်မှု ခေါင်းမာမှုနဲ့ ၊အမြင် ကျဉ်းမြောင်းမှုတွေဟာလည်း တစ်ခု အပါအ၀င်ဖြစ်ပါတယ်။အဲဒီလို ဖြစ်စေရအောင် အဓိက ပံ့ပိုးပေးတာကတော့ အင်ဖော်မေးရှင်း လို့ခေါ်တဲ့ သတင်းအချက်အလက်ကို အစိုးရက ထိန်းချုပ်ထားခြင်းပဲ ဖြစ်ပါတယ်။ လူမှုဖြစ်စဉ်တွေ တိုးတက်ပြောင်းလည်း လာတဲ့ အခြေအနေကို မျက်ဝါးထင်ထင်ခံစားသိမြင်ခွင့် မရတာဟာ လွန်စွာဆိုးရွာ တဲ့ ပြစ်မှုကြီးကိုကျူးလွန်လိုက်တာပါပဲ။ဒီမိုကရေစီ အင်အားစုတွေ တဖြည်းဖြည်းများနေပေမယ့် ကြံ့ဖွံ့တို့ ရဲတို့ ၊အောက်ခြေ စစ်သားတို့ဟာလည်း တကယ်တော့ ပြည်သူတွေပါပဲ ၊တချို့က ၀မ်းရေးကြောင့် ဒီမို ကရေစီကို အတိုက်အခံ လုပ်နေကြပေမယ့် တချို့က တကယ့်ကို ရိုးသားစွာ ယုံကြည်မှု လွဲမှားနေကြတာပါ။အစိုးရရဲ့ အားနည်းချက်နဲ့ ရက်စက်မှုတွေကို သိနေပေမယ့် အဲဒါဟာ ဖြစ်သင့်လို့ဖြစ်နေတာပဲလို့ ယုံကြည်နေကြသူတွေ ဟာ ထုနဲ့ထည်နဲ့ ရှိနေပါတယ်။ပြီးခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံထောက်ခံကန့်ကွက်ပွဲမှာ အစိုးရက သူတို့လိုချင်တာ လုပ်နိုင်သွားတာဟာ ၁။ အခြေခံ ဥပဒဟာ ပြည်သူကို တကယ် ဒုက္ခပေးမယ့် အရာပဲလို့ သိမြင်မှုအားနည်းခြင်း။ ၂။ အစိုးရက ခြိမ်းချောက် အကျပ်ကိုင်သည့်တိုင်အောင် ဒါကို ရဲရဲရင့်ရင့် တွန်းလှန်သင့်တယ်ဆိုတဲ့ စိတ်အားနည်းခြင်း၊ အုပ်ချုပ်သူ အာဏာပိုင်ကို မဆန့်ကျင်သင့်ဘူး၊ သူတို့လုပ်တာ မှန်နေတယ်လို့ ထင်မြင်သူများနေခြင်း၊အစိုးရအာဏာပိုင်တို့ရဲ့ ကလိန်ကကျစ်ကျမှု ရက်စက်မှု အားကြီးခြင်းတို့ကြောင့်ဖြစ်ပါတယ်။မြန်မာပြည်သူတွေ အတွက် အသိဥာဏ်ပွင့်လင်းစေပြီး လောလောဆယ် အလွယ်တကူရနိုင်တဲ့ သတင်းအချက်အလက်က ရေဒီယိုပဲ ဖြစ်ပါတယ်။ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး ၊ဆိုးကျိုးတရားတွေကို တကယ်ညွှန်ပြပေး နိုင်တာဟာ ဗွီအိုအေ အသံလွှင့်ဌာနက ဦးအောင်ထူးနဲ့ ဆက်သွယ်မေးမြန်းချက်များ ဖြစ်ပါတယ် ၊ အခြားသော အသံလွှင့်ဌာန တွေဟာ ဖွဲ့စည်းပုံရဲ့ဆိုးဝါးမှုများနဲ့ ပတ်သက်ပြီး ထုတ်လွှင့်ပေးမှု အားနည်း လွန်းပါတယ်။အခုလည်း မြန်မာ ပြည်သူတွေ ကို ဒီမိုကရေစီ အရေး မျက်စိနာပွင့်ဖို့ အကောင်းဆုံး ၀န်ဆောင်မှုပေး နိုင်တဲ့ ရေဒီယိုများဟာ မြန်မာပြည်သူတွေကို ဒီမိုကရေစီအရေးနဲ့ပတ်သက်ပြီး အလေးထားမှု အားနည်းနေပါသေးတယ်၊ ရေပေါ်ဆီ သတင်းတွေရယ် လူကြိုက်များမယ် ထင်တဲ့ ဟာတွေရယ်ကို ဦးစားပေးထုတ်လွှင့်နေတာတွေ့နေရပါ တယ်။အားကစားကဏ္ဍ ကျန်းမာရေး ကဏ္ဍတွေ သီချင်းတွေဟာ မြန်မာပြည်မှာလည်း အစိုးရက တားဆီးမှုမရှိလို့ လွတ်လပ်စွာ ကြည့်ရှုနားထောင်လို့ ရတဲ့ အရာတွေ ဖြစ်ပါတယ်။မြန်မာပြည်မှာလည်း နားထောင် ကြည့်ရှုလို့ မလွယ်ကူ ဒီမိုကရေစီရေးအတွက် တကယ်လည်း ပြည်သူကို နားမျက်စိ ပွင့်မယ့် ထုတ်လွှင့်မှုမျိုးတွေနဲ့ အလေးထား ဆောင်ရွက်သင့်ပါတယ်။ အရေးအားလုံးမှာ နိုင်ငံရေး တနည်းအားဖြင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မရတာဟာ လောက ငရဲကို ကျနေတာလောက်ဆိုးရွားတယ်ဆိုတာမျိုးသိမြင်လာ အောင် ဆောင်ရွက်ပေးသင့်ပါတယ်။မြန်မာပြည်သူများ အသိအမြင်ပြောင်းလည်း လာအောင်ကတော့ ရေဒီယိုများများနားထောင်နိုင်အောင် ရေဒီယို အလကားပေးတာမျိုး အစီအစဉ်တွေကို ဒီထက်ပိုပြီး ကောင်းအောင် ထုတ်လွှင့်ပေးတာမျိုး လုပ်သင့်ပါတယ်။ဒီမိုကရေစီနိုင်ငံမှာရှိတဲ့ ပြည်သူလူထုနဲ့ ဒီမိုကရေစီ အားနည်းတဲ့ နိုင်ငံတွေရဲ့ ပြည်သူတွေရဲ့ အကောင်းအဆိုးကွာခြားပုံတွေ ကို ခွဲခွဲခြားခြား သိမြင်အောင် ထုတ်လွှင့်ပေးသင့်ပါတယ်။
တချို့ ပညာတတ်ဆိုတဲ့ ပုဂ္ဂိုလ်တွေတောင် အင်ဖော်မေးရှင်း အားနည်းရင် အတွေး အခေါ်ကျဉ်းမြောင်းသွားတတ်ပါတယ်။ ခေတ်စနစ်နဲ့ အညီ လိုက်မနေနိုင်ရင် နောက် ကျန်ခံမှာ နေရာပျောက်သွားမှာ အသေအချာပဲ ဆိုတာသာဓကတွေ မြောက်များစွာ ရှိနေတာပါ။
အားလုံး စိတ်အခြေခံက အစ ပြောင်းလည်း နိုင်ကြပါစေ

Saturday, September 12, 2009


သာသနာဖျက် ပုဒ်မ ( ၂၉၅ )



မြန်မာနိုင်ငံတွင် ပုဒ်မ (၂၉၅ ) ကိုသာသနာကို ညှိုးနွမ်းစေသော ပုဒ်မ ဟူ၍ စစ် အာဏာပိုင်များနှင့် ၎င်း တို့အလိုကျ လုပ်ကိုင်ဆောင်ရွက်ပေး နေရ သော နိုင်ငံတော်သံ ဃနာယကအဖွဲ့က ထုတ်ပြန်ထားလေသည်။ တကယ်တော့ ယင်းပုဒ်မသည် စစ်အာဏာ ပိုင်တို့ သာသနာကိုအသုံးချပြီး ဗုဒ္ဓဘာသာ ရဟန်း ရှင်လူထုကို ထိန်းချုပ်နိုင်ရန်အတွက် ထုတ်ပြန်ထားသော ပုဒ်မသာ ဖြစ်လေသည်။
ရဟန်းတော်များအတွက် ၀ိနည်း သိက္ခာပုဒ်ကိုကျူးလွန်၍ သာသနာဖျက်သည်ဆို လျှင် တနိုင်ငံလုံးနီးပါးရှိ ရဟန်းတော်များကို ဖမ်းဆီ:ရပေလိမ့်မည်။မြန်မာနိုင်ငံတွင် တ နိုင်ငံလုံးနီးပါးရှိရဟန်းတော်အားလုံး ၀တ္ထုငွေကြေး ကိုင်ဆောင်ကြသောကြောင့်ဖြစ် သည်။
ယင်းသို့ကိုင်ဆောင်ရာတွင်နိုင်ငံတော်သံဃနာယကကပုဂ္ဂိုလ်များပင်ပါဝင် လေသည်။ဝတ္ထုငွေကြေးကိုင်ဆောင်သော သိက္ခာပုဒ်သည် ၀ိနည်းလမ်းကြောင်းအရ ကြည့် မည်ဆိုလျှင် အရက်သေစာသောက်သော သိက္ခာပုဒ်ထက်ပင် အပြစ်ကြီး လေသည်။
စစ်အာဏာပိုင်များနှင့် နိုင်ငံတော်သံဃနာယက အဖွဲ့တွင် တကယ်တော့ ယင်း ပုဒ်မအတွက် တိကျသော ပြဌာန်းချက်မရှိပဲ ပရမ်းပတာ စွပ်စွဲဖမ်းဆီးနေသည်မှာ သာ သနာအတွက် ကြီးမားသောအန္တရာယ်ကြီးဖြစ်လေသည်။ စစ်အာဏာပိုင်များနှင့် နိုင်ငံ တော်သံဃနာယကအဖွဲ့ကို မေးလိုသည်မှာ ရဟန်းတော်များ အတွက် အဘယ်မျှ လောက်သော သိက္ခာပုဒ်ကို ကျူးလွန်လျှင် ယင်းပုဒ်မအရာမြောက်၍ ဖမ်းဆီးခွင့် ရှိ ပါသလဲ ဟူ၍ဖြစ်ပါသည်။ု
ရဟန်းတော်များ တွင် တကယ်တော့ ဘုရားရှင် ပညတ်ထားသော သိက္ခာပုဒ် များက လိုက်နာရန်စည်းကမ်း အဖြစ်ရှိနေပြီးသာဖြစ်လေသည်။ သို့သော် ယနေ့အ
ချိန်သည် ဘုရားရှင်သိက္ခာပုဒ်များထက် စစ်အာဏာပိုင်တို့အလိုကျ နိုင်ငံတော်သံဃနာ ယကအဖွဲ့က ထုတ်ပြန်ထားသော ညွှန်ကြားလွှာများကို ပို၍ ဂရုစိုက်နေရပေသည်။ ထို့ ကြောင့် ယနေ့ ၀ိနည်းသိက္ခာပုဒ်များကို သင်ယူပို့ချနေရခြင်း၏ ရည်ရွယ်ချက်သည် မေး ခွန်းထုတ်စရာဖြစ်နေသော အခြသို့ ဆိုက်ရောက်နေပြီဖြစ်လေသည်။
တိုးတက်လာသော ခေတ်အခြေအနေနှင့် ၀ိနည်းသိက္ခာပုဒ်များအတွက် တရားမျှ တစွာစဉ်းစားခြင်း မပြုပဲ၊တိကျသောစည်းမျဉ်း စည်းကမ်းမရှိပဲ မသိခြင်ယောင်ဆောင် နေကြလျှင် ထိုပြစ်မှုအတွက် ပေးဆပ်ရမည်မှာမြန်မာနိုင်ငံသာသနာနှင့် သက်ဆိုင်သူ အားလုံးပင်ဖြစ်လေသည်။ ရဟန်းတော်များနည်းတူ လူပုဂ္ဂိုလ်များအတွက်လည်း ယင်း (၂၉၅)ပုဒ်မအတွက် တိကျသောပြဌာန်းချက်မရှိပေ။
ရဟန်းတော်တို့ကို ဆွမ်းလောင်းသော ကိုဇာဂနာတို့အား ယင်းပုဒ်မဖြင့်ဖမ်းဆီး ခြင်းသည် သာသနာတော်အတွက် ကြီးမားသော စိန်ခေါ်မှုကြီးကြုံလိုက်ရခြင်းပင်ဖြစ် သည်။ သာသနာတော်ကိုဆည်းကပ်ကြည်ညိုလျှင် ၂၉၅ ပြစ်မှုမြောက်သလား၊ယင်း ၂၉၅ ပုဒ်မ ထုတ်ပြန်ထားခြင်းသည်ပင် သာသနာတော်ကို ဖျက်ဆီးနေခြင်းလားဆိုတာ မြန်မာဗုဒ္ဓဘာသ၀င်အားလုံး စဉ်းစားရမည့် ကိစ္စဖြစ်ပေသည်။
နိုင်ငံတော် သံဃနာယကအဖွဲ့သည်လည်း စစ်အစိုးရအလိုကျသာ ညွှန်ကြားလွှာ များထုတ်နေရပြီး ယင်း၂၉၅ ပုဒ်မအတွက် တရားနည်းလမ်းကျစွာ တိကျသောပြဌာန်းမှု မျိုး မထုတ်ပြန်နိုင်လျှင် ၊သာသနာတော်နှင့့် ပြည်သူ ဒကာ ဒကာမတို့ အရေးကို မျက်နှာ လွှဲနေလျှင် ဂုဏ်သိက္ခာရှိသော အဖွဲ့အစည်းအဖြစ် မည်သို့မျှရပ်တည်နိုင်တော့မည် မ ဟုတ်ကြောင်း သတိပြုသင့််ပေသည်။
ကလောင်သွား

Friday, September 11, 2009

ရဟန်းတော်နှင့် နိုင်ငံရေးလုပ်သင့်မလုပ်သင့်



မြန်မာနိုင်ငံတွင် စစ်အစိုးရအလိုကျ ဆောင်ရွက်လုပ်ကိုင်နေသော နိုင်ငံတော်သံ ဃနာယကအဖွဲ့က ရဟန်းတော်များ နိုင်ငံရေးမလုပ်သင့်၊မလုပ်ရဟု ညွှန်ကြားလွှာများ ထုတ်ပြန်ထားလေသည်။ယင်းညွှန်ကြားလွှာများကိုကြည့် ၍ အချို့သော ဒကာ ဒကာမ များကလည်း ရဟန်းတော်များ နိုင်ငံရေးမလုပ်သင့်တာ ဟုတ်များဟုတ်လေမလားဟု ယုံမှား တွေဝေနေကြလေသည်။
၎င်းအယူအဆ မှန်၊မမှန်ကို ဘာသာရေး အထောက်အထား သမိုင်းကြောင်း အ ထောက်အထား များဖြင့် မိမိတို့ ကိုယ်တိုင် သုံးသပ်နိုင်အောင် တင်ပြရေးသား သွားပါ မည်။အယူအဆပိုင်း အရ ခိုင်မာမှုရှိသွားပြီဆိုလျှင် လက်တွေ့ဆောင်ရွက်မှုကိုပြတ် သားစွာဆောင်ရွက်နိုင်ရန် ရည်ရွည်၍ ဤဆောင်းပါး ကိုရေးသားခြင်းဖြစ်ပါသည်။
ဝိဋဋူပ၏ စစ်တပ်ကြီး သာကီဝင် လူမျိုးများကိုသတ်ဖြတ်ရန် စစ်ချီသွားသောအ ခါ ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် သစ်ပင်ရိပ် အနည်းငယ်သာရှိသော နေရာသို့ ကြွ၍ သာကီဝင်လူမျိုးများကိုသတ်ဖြတ် ဖျက်ဆီးခြင်း မပြုရန် မေတ္တာရပ်ခံလေသည်။
နေပူပြင်းသည့် အချိန် သုံးကြိမ်တိုင်အောင် ထိုကဲ့သို့ လာရောက် မေတ္တာရပ်ခံ သောကြောင့် ၀ိဋဋူပလည်း သုံးကြိမ်စလုံး လှည့်၍ ပြန်သွားရလေသည်။ဘုရားရှင် ပွင့်ထွန်းရခြင်း၏ အဓိကရည်ရွယ်ချက်သည် သတ္တ၀ါများ သံသရာမှ လွတ်မြောက်ရန် ဖြစ်သော်လည်း ထိုအလုပ်ကိုသာ အမြဲတမ်း ဆောင်ရွက်နေသည် မဟုတ်ပဲ အခြား သောသတ္တ၀ါ တို့၏ အကျိုးစီးပွါးများကိုလည်း အခွင့်သင့်သလို ဆောင်ရွက်ခဲ့သည့်သာ ဓကများ မြောက်များစွာ ရှိခဲ့ လေသည်။
မြန်မာအစိုးရအလိုကျဆေင်ရွက်လုပ်ကိုင်နေသော သံဃနာယကအဖွဲ့က ရဟန်း တော်များအား ဂန္ထဓူရ ၊၀ိပဿနာဓူရ( စာပေအလုပ်၊တရားအလုပ်)နှစ်မျိုးသာ
ဆောင်ရွက်ရမည်ဟု ညွှန်ကြားလွှာများ ထုတ်ပြန်ထားလေသည်။တကယ်တော့ သံဃာတော်များအား အစိုးရက ချုပ်ကိုင်လိုသော ရည်ရွယ်ချက်ဖြင့် စစ်အာဏာရှင် အ လိုကျ ၎င်းညွှန်ကြားလွှာများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်လေသည်။ဤ ညွှန်ကြားလွှာများ ထုတ်ပြန်နေသောအလုပ်သည်ပင်ဂန္ထဓူရ ၊၀ိပဿနာဓူရ ၏ အပြင်ဘက်က အလုပ်များ ဖြစ်နေသည်ကို တွေ့နိုင်ပေသည်။
ဘုရားရှင်ပွင့်ထွန်းခြင်းသည် သတ္တ၀ါတို့၏ အကျိုးစီးပွါးအလို့ငှာ ချမ်းသာခြင်း အကျိုးငှာ ဖြစ်သကဲ့သို့ ဘုရားသားတော် ရဟန်းတော်များသည်လည်း ဘုရားရှင်၏ အတုကိုလိုက်၍ သတ္တ၀ါတို့၏ အကျိုးစီးပွါးအတွက် ချမ်းသာရေးအတွက် ဆောင်ရွက် သင့် သည်မှာ အထူးပြောစရာလိုမည်မဟုတ်ပေ။
မရိုးမသား စိတ်ထားဖြင့် ဂန္ထဓူရ၊၀ိပဿနာဓူရ ကိစ္စ မှလွဲ၍ အခြားကိစ္စ မလုပ်ရ ဟုတားမြစ်ခြင်းသည် ဘုရားရှင်၏ ဆန္ဒတော်နှင့် သံဃာတော်များ၏ အများအကျိုး ဆောက်ရွက်ခွင့်ကို တားမြစ်ခြင်းဖြစ်လေသည်။တနည်းအားဖြင့် သာသနာတော်၏ ကောင်းမြတ်သော အစဉ်အလာနှင့် သာသနာတော်အပေါ် လူအများတို့ အားကိုးမျှော် လင့်မှုများကို ရိုက်ချိုး ဖျက်ဆီးခြင်းပင် ဖြစ်လေသည်။
မြန်မာ့ရာဇ၀င်ကိုပြန်ကြည့်လျှင် ပုဂံခေတ်၌ ရှင်ဒိသာပါမောက်သည် မြန်မာ့မြေ ပေါ်သို့ ကျူးကျော် သိမ်းပိုက်လာသော တရုတ် ဘုရင်နှင့် စစ်တပ်များကို ကျူးကျော်ခြင်း မှရပ်တန့်ပါရန် ကြွရောက်မေတ္တာရပ်ခံခဲ့သောကြောင့် တရုတ်စစ်သည်တော်များပြန် ဆုတ်ခွာသွားသောသည့်အတွက် မြန်မာပြည်သူများ ချမ်းသာရာရခဲ့ကြလေသည်။
အင်းဝခေတ်တွင် အင်းဝကိုလာရောက်တိုက်ခိုက်သော မွန်ဘုရင်ရာဇာဓိရာဇ်ကို စကြိုသူမြတ်ရဟန်းတော်က ကြွရောက် မေတ္တာရပ်ခံ တရားဟောသောကြောင့် ရာဇာ ဓိရာဇ် ဘုရင်လှည့်ပြန်သွားခဲ့သည်။မွန်ဘုရင်မကြီး ရှင်စောပုသည် မွန်ရဟန်းတော်နှစ် ပါး၏ အကူအညီဖြင့် သူမ မပျော်ပိုက်သော အင်းဝမှ မွန်တို့နန်းစိုက်ရာ ဒဂုံသို့ ထွက်ပြေး လွတ်မြောက်လာနိုင်ခဲ့လေသည်။
အထက်ပါမြန်မာရဟန်းတော်တို့၏ ပြည်သူတို့အရေးဆောင်ရွက်ခဲ့မှုများကို ရှေး ခေတ်ကျောင်းသုံးစာအုပ်များတွင်ပင် ပြဌာန်း ခဲ့ဘူးလေသည်။ကိုလိုနီခေတ်တွင် ဆရာတော်ဦးဥတ္တမနှင့် ဆရာတော် ဦးဝိစာရတို့၏ မြန်မာ့လွတ်လပ်ရေးအတွက် စွမ်းစွမ်းတမန် ဆောင်ရွက်ခဲ့ မှုများသည် မြန်မာနိုင်ငံသမိုင်းကြောင်း၌ မည်သို့မျှချန်ထား ၍မရသော အခန်းကဏ္ဌများဖြစ်လေသည်။
ယနေ့မျိုးဆက်သစ်များသည်ပင် တွေ့မြင်နေရသောဦးဥတ္တမပန်းခြံ၊ဦးဥတ္တမလမ်း ဦးဝိစာရကျောက်တိုင်၊ ဦးဝိစာရလမ်း တို့သည် မြန်မာရဟန်းတော်တို့၏ မြန်မာ့နိုင်ငံရေး တနည်းအားဖြင့် အများပြည်သူတို့၏ ချမ်းသာရေးအတွက် ဆောင်ရွက်ခဲ့မှုများကို လိမ် ညာလှည့်ဖျား မေ့ဖျောက်၍ မရနိုင်သော အမှတ်အသားများဖြစ်လေသည်။
ရဟန်းတော်များသည် လူတစ်စု တစ်ဖွဲ့ အာဏာရဖို့ အတွက် ဒကာ၊ဒကာမတို့၏ ကြည်ညိုမှုနှင့် ဘုရားရှင်သာသနာတော်ကို အသုံးချ၍ စည်းရုံးဟောပြောခြင်း၊မပြုလုပ် သင့်ပေ။တနည်းအားဖြင့် ပါတီနိုင်ငံရေးများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုသင့်ပေ။သို့ သော် နိုင်ငံရေးဟုခေါ်သည်ဖြစ်စေ၊မခေါ်သည်ဖြစ်စေ အများပြည်သူတို့၏ ဆင်းရဲဒုက္ခမှ ကယ်တင်ရန်နှင့် ဘ၀လွတ်မြောက်ရေးဆောင်ရွက်ရန်အတွက် သမိုင်းပေးတာဝန်အရ မလွဲမသွေ ဆောင်ရွက် သင့် ဆောင်ရွက်ထိုက်ပေသည်။
ပြီးခဲ့သည့် ၂၀၀၇ စက်တင်ဘာသံဃာအရေးအခင်းတွင် ရဟန်းငယ်များ၏ လမ်း လျှောက်မေတ္တာပို့ ဆန္ဒပြခြင်းသည် ဒကာ ဒကာမတို့၏ နိမ့်ကျဆင်းရဲမှုများ၊အထွေထွေ အကျပ်အတည်းများကို ပြေလည်စေနိုင်ရန်အတွက် မိမိတို့တတ်စွမ်းနိုင်သည့်ဘက်က ဆောင်ရွက်ကြခြင်းပင်ဖြစ်ပါသည်။တနည်းအားဖြင့် အများပြည်သူကို အနိုင်ကျင့်နှိပ်စက် နေသော စစ်အာဏာရှင်တို့၏ကုလားထိုင်ကိုကိုင်လှုပ်ခဲ့သောလုပ်ရပ်များဖြစ်ခဲ့ပါ သည်။
ယင်းနောက် နိုင်ငံတော်သံဃနာယကအဖွဲ့က ၎င်းတို့အစဉ်အဆက်ထုတ်ပြန်ခဲ့ သောညွှန် ကြားလွှာများဖြင့် စစ်အာဏာပိုင်များကို မီးစိမ်းပြလိုက်သောအခါ ရဟန်း တော်တို့၏ သွေးမြေကျဖြစ်ရပ်များ ပေါ်ပေါက် ခဲ့ရလေသည်။တကယ်တော့ နိုင်ငံတော် သံဃနာယကအဖွဲ့သည် စစ်အာဏာပိုင်များ လှူဒါန်းသော ကျောင်းတိုက်မျာ၊ ကားများ ၊လျှပ်စစ်ဇိမ်ခံပစ္စည်းများ၊ အခြားငွေကြေးနှင့်လှူဖွယ်ဝထ္ထုများကိုလက်ခံရရှိနေသော အဖွဲ့ဖြစ်လေသည်။
နိုင်ငံတော်သံဃနာယကအဖွဲ့သည် စစ်အာဏာပိုင်တို့၏ ရဟန်းရှင်လူပြည်သူတို့ အပေါ်ညှင်းပန်းနှိပ်စက်မှုများအတွက် တစုံတရာ မေတ္တာရပ်ခံ၊ တားမြစ်ဆုံးမ ကန့်ကွက်ခြင်း ၊ ကာကွယ်ပေးခြင်း မရှိခဲ့ပဲ စစ်အာဏာရှင်တို့ အလိုကျသာ ၎င်းတို့၏ ညွှန်ကြားလွှာများဖြင့် ရဟန်းငယ်များ၏ ပြည်သူတို့အရေး ဆောင့်ရွက်ချက်များကို တား မြစ်ကန့်ကွက်ခဲ့လေသည်။
ရဟန်းတော်များ နိုင်ငံရေး လုပ်သင့် မလုပ်သင့် ဟူသော အယူအဆနှင့် ပတ်သက်၍ ပီနန်ဆရာတော်ကြီး ဦးပညာဝံသကတော့ နိုင်ငံဆိုတာ အိမ်နှင့်တူကြောင်း နိုင်ငံတွင်းနေပြည်သူများသည် မိသားစုနှင့်တူကြောင်း အိမ်၏အရေးကိစ္စသည် မိသားစု အားလုံးနှင့် သက်ဆိုင်သကဲ့သို့ နိုင်ငံ၏ အရေးသည်လည်း နိုင်ငံသာအားလုံးနှင့် သက် ဆိုင်ကြောင်း ရှင်းလင်းစွာ မိန့်ကြားတော်မူပါသည်။
အထက်ပါတင်ပြချက်များကို အကျဉ်းချုပ်သုံးသပ်ကြည့်လျှင် ရဟန်းတော်များအ နေဖြင့် မိမိတို့၏ အာဏာ၊ငွေကြေး၊လာဘ်လာဘ ဟူသော အတ္တဟိတ အကျိုးစီးပွါးအတွက် လုံးဝမဆောင်ရွက်သင့် မဆောင်ရွက်ထိုက်ပဲ အများပြည်သူ ဒကာ ဒကာမတို့အနေဖြင့် လည်း ထိုကဲ့သို့သော လုပ်ရပ်များကိုလုံးဝ ကန့်ကွက်ရှုံ့ချထိုက်ပေသည်။ နိုင်ငံရေးဟု ဆိုသည်ဖြစ်စေ မဆိုသည်ဖြစ်စေ အများပြည်သူတို့၏ လွတ်မြောက် ရေးနှင့် ကောင်းကျိုးချမ်းသာရေးဟူသော ပရဟိတ အကျိုးစီးပွါးအတွက် ဆောင်ရွက်နေ သောရဟန်းတော်များကို မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းမဆို လုံးဝ မတားမြစ်သင့်ပဲ ထောက်ခံ အားပေး ကူညီဆောင့်ရွက်သင့် ကြောင်း တင်ပြရေးသာလိုက်ရပါသည်။
ဖိုးလမင်း




Thursday, September 10, 2009

သာသန ရန်သူ ဘယ်သူလဲ

ဆွေမျိုးဖြစ်သော်လည်း အကျိုးယုတ်အော် ဆောင်ရွက်လျှင် ရန်သူမည်တယ်။
သူစိမ်းဖြစ်သော်လည်း ကောင်းကျိုးကို ဆောင်ရွက်နိုင်လျှင် မိတ်ဆွေမည်တယ်။
ဥပမာ အနေနဲ့ ပြောရလျှင် အနာ ဟာမိမိနဲ့ အနီးဆုံးခန္ဓာကိုယ်မှာ ရှိနေပေမယ့်ဆိုးကျိုးကို ဖြစ်စေတယ်၊ ဆေးဖက်ဝင် သစ်သီး သစ်ရွက် ဟာ ဝေးလံတဲ့ တောတောင်မှာ ရှိနေပေမယ့်ကောင်းကျိုးကို ဆောင်ရွက်သလိုပဲ။ ( လောကနီတိ )
ကိုမိုးသီးဇွန်ရဲ့ နာခံမှုကို ဆန်းစစ်ခြင်း စာအုပ်ကို ဖတ်ပြီးတဲ့နောက် ကျွန်တော်ဟာ လောကနီတိရဲ့ ဆိုးကျိုးတွေကို သတိပြုမိလာပါတယ်။ လောကနီတိထဲမှာ ကောင်းတာတွေ လည်းရှိနေပါတယ်။ အဲဒီကောင်းတာတွေဟာ လောကနီတိကို ပြုစုတဲ့ စာနကျဆရာ ကြီးရဲ့ အဆိုအမိန့်ကြောင့် မဟုတ်ပဲ ဘုရားဟောတွေ ဖြစ်နေတာကြောင့် လို့ ကိုမိုးသီးက ဆိုပါတယ်။ အထက်က ကျွန်တော် ဖော်ပြခဲ့တဲ့ လောကနီတိ အဆိုအမိန့်ကတော့ ဘုရားဟောလား ၊စာနကျ ဆရာကြီးရဲ့ အဆိုအမိန့်လားဆိုတာ ကျွန်တော် မသိပါဘူး။ လောကနီတိက ဆိုထားတဲ့ စကားလုံးတွေနဲ့လည်း အတိအကျ တူနိုင်မယ် မထင်ပါဘူး။ဒါပေမယ့် လောကနီတိရဲ့ ဆိုလိုရင်းနဲ့တော့ တူလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။
ကျွန်တော်ပြောချင်တဲ့ အဓိက အကြောင်းအရာကတော့ ဗုဒ္ဓဘာသာမြန်မာလူမျိုးလို့ အမည်ခံပြီး ယနေ့ သာသနာတော်ကို ဖျက်ဆီးနေတဲ့ နအဖ ထိပ်ပိုင်းခေါင်းဆောင်များ၊ နိုင်ငံတော်သံဃနာယက ဆရာတော်များကို ပြောလိုရင်းဖြစ်ပါတယ်။သူတို့ဟာ သာသနာတော်နဲ့ အနီးဆုံးမှာ ရှိနေကြပါတယ်။သာသနာတော်ကို စွမ်းစွမ်း တမံ ပြုနိုင်ဖျက်နိုင်ကြသူများ ဖြစ်နေပါတယ်။ဒါပေမယ့် သာသနာတော်ကို ပြုခြင်းထက် ဖျက်ခြင်းက ပိုများနေပါတယ်။အဓိက နအဖ မှာ ပိုပြီးတာဝန်ရှိနေပါတယ်။
နအဖ လက်ထက်မှာ နှစ်လုံးသုံလုံး ဘောလုံး လုပ်တဲ့ ဘုန်းကြီးတွေ ပိုများလာပါတယ်။ အကျင့်ပျက်တဲ့ ဘုန်းကြီး တွေ ပိုများလာပါတယ်။ နိုင်ငံရေးနဲ့ ကင်းရှင်းရင်ပြီးရော ကျန်တာဘာလုပ်လုပ်ကိစ္စမရှိဘူးဆိုတဲ့ မူကို ကိုင်ထားတဲ့ အတွက်ကြောင့် အခုလို ဆိုးရွားလာရတာ ဖြစ်ပါတယ်။
ရွှေဝါရောင်တော်လှန်ရေးကြီး ပေါ်လာတဲ့ အခါ ဘုန်းကြီးတွေကို နှိမ်နှင်းဖို့ အကြောင်းဟာ လွယ်လွယ်နဲ့ ပေါ်လာပါတယ်။ယခင်က သူတို့လွှတ်ပေးထားတဲ့ လုပ်ချင်ရာလုပ်ဆိုတဲ့မူကို အသုံးချပြီး ပြန်လည်အပြစ်ရှာခဲ့ တာဖြစ်ပါတယ်။ကျွန်တော့ရဲ့ အတွေ့အကြုံအရ နအဖ သတင်းစာတွေမှာ ဖော်ပြသလို အကျင့်ပျက် ဘုန်းကြီးတွေ ဟာ တကယ်ပဲ ရှိနေတာပါ။အဲလိုရှိနေအောင်ကို နအဖက တမင် အကွက်ဆင်ထားတာပါ။ရွှေဝါရောင်ကာလမှာ သံဃာတွေကိုသူတို့ နှိမ်နှင်းတာဟာ နိုင်ငံရေးလုပ်လို့ မဟုတ်ပဲ အကျင့်ပျက် ဘုန်းကြီးတွေကိုသာ နှိမ်နှင်းကြောင်း အထောက်အထားတွေပြပြီး သတင်းစာရှင်းလင်းပွဲလုပ်ပါတယ်။
နအဖ ဂရုမထားမိတဲ့ အချက်က တော့ အဲဒီလို ပြောလို့ ပြည်သူက မယုံဘူးဆိုတာပါပဲ ၊ ဘာဖြစ်လို့လည်းဆိုတော့ သာသနာကို သူတို့ တကယ်သန့်ရှင်းချင်တယ် အပြစ်မယ့် ဘုန်းကြီးတွေကို တကယ် ဖယ်ရှားချင်တယ်ဆိုရင် နိုင်ငံရေး အရ သူတို့ကို မဆန့်ကျင်ခင် ကတည်းက အကျင့်ပျက်ဘုန်းကြီးတွေ မပေါ်ပေါက်အောင် တားဆီးဆောင်ရွက်ချင်းမရှိပဲ၊ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်းမှာလည်း အကျင့်ပျက် ဘုန်းကြီးတွေ ဂုဏ်သိက္ခာမဲ့ အလှူခံ ဘုန်းကြီးတွေကို တားဆီးခြင်းမရှိပဲ လွှတ်ပေးထားတာကြောင့် ဖြစ်ပါတယ်။
နိုင်ငံရေး အရ သူတို့ကို ထပ်မံဆန့်ကျင်တော်လှန်လာရင်တော့ လွှတ်ပေးထားတဲ့ အပြစ်တွေကို ပြပြီး ထပ်မံ နှိပ်စက် ညှဉ်းပန်း အကြောင်းရှာအုံးမှာဖြစ်ပါတယ်။ဒါကြောင့် နအဖ ဟာ သာသနာတော်မှာ အနီးကပ် ပြုစု ဆောင်ရွက် နိုင်စွမ်းရှိနေပေမယ့် သာသနာမပြုပဲ သာသနာကို အားကြိုးမာန်တက် ဖျက်ဆီးနေတာ ဖြစ်ပါတယ်။
ဒီနေရာမှာ နိုင်ငံတော်သံဃနာယက အဖွဲ့ဟာလည်း နအဖ နဲ့ အလိုတူ အလိုပါဖြစ်ပါတယ်။နအဖ ကို ပြောမရလို့ အာဏာကို မလွန်ဆန်နိုင်လို့ လို့ သူတို့ အကြောင်းပြပေမယ့် သူတို့ကိုယ်တိုင်က ရရှိထားတဲ့ လာဘ်လာဘ တွေ ဆုံးရှုံးမှာ ကြောက်တာရယ် ရာထူးကို သာယာနေတာရယ် ကြောင့်ဆိုတာက အဓိက ဖြစ်နေပါတယ်။ သံဃာတွေကိုသာ သူတို့ ညွှန်ကြားလွှာတွေ လိုက်နာဖို့ အထပ်ထပ် ပြောနေပေမယ့် နအဖ စစ်အာဏာရှင်တွေကိုတော့ တရားဓမ္မနဲ့ အညီ အုပ်ချုပ်ဖို့ သာသနာတော်ကို မစော်ကားမိဖို့ ၊ရဟန်းသံဃာတွေ ကို ညှဉ်းပန်းနှိပ်စက်ခြင်း မပြုဖို့ကိုတော့ ဘာသြ၀ါဒ ဘာညွှန်ကြားလွှာမှ ထွက်ပေါ်လာတာ မတွေ့ရပါဘူး။ဒါကြောင့်လည်း နိုင်ငံတော်သံဃာ နာယက အဖွဲ့ဟာ အဂတိ လိုက်စားတဲ့ အဖွဲ့အဖြစ် ပြည်တွင်းက သံဃာလောကမှာ နာမည်ပျက်လာတာဖြစ်ပါတယ်။ သာသနာတော်ကို ကောင်းစွာ စောင့်ရှောက်နိုင်ဖို့ သာသနာနဲ့ အနီးဆုံးမှာ ရှိနေပေမယ့် အဂတိတရားတွေကို လိုက်စားလွန်း အားကြီးတဲ့ အတွက် သာသနာဖျက် အဖွဲ့ အစည်းကြီး ဖြစ်နေတာပါပဲ။
ဒီနေရာမှာ အံသြစရာ ကောင်းတာက သာသနာတော်နဲ့ အလှမ်းဝေး ရာမှာ ရှိနေတဲ့ လူ့အခွင့်အရေး အဖွဲ့တွေ ယဉ်ကျေးတဲ့ အစိုးရအဖွဲ့တွေ ၊ပြည်သူတွေဟာ ဗမာပြည်မှာ ကိုယ့်နိုင်ငံသားစစ်သားတွေက ကိုယ်ကိုးကွယ်ရာ ဘုန်းကြီးတွေကို သတ်ဖြတ်ဖမ်းဆီးနေတာ၊ သာသနာတော်ရဲ့ အကြီးဆုံး အဖွဲ့အစည်းဖြစ်တဲ့ သံဃာနာယက အဖွဲ့ကြီးက အဂတိ တရားတွေ လိုက်ပြီး မျက်နှာလွှဲနေတာတွေကို ရပ်တပ်တန့်ဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။
သူတို့တတွေဟာ ဘာသာတရားကိုလေးစားရိုသေတာ မဟုတ်နိုင်ပေမယ့် ယဉ်ကျေးတဲ့ လူ့ဘောင်အဖွဲ့အစည်းမှာ မဖြစ်သင့်တာတွေကို တားမြစ်ပြီး မြန်မာပြည် သားတွေဘေးအန္တရယ်ကင်းဖို့ ကိုယ်ယုံကြည်ရာ ဘာသာတရားကို လွတ်လပ်စွားကိုးကွယ်နိုင်ဖို့ လူမှုဘ၀တွေ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ တောင်းဆိုဆောင်ရွက်ကြတာ ဖြစ်ပါတယ်။
ဒါကြောင့် လူ့အဖွဲ့အစည်းမှာ အနေနီးခြင်းဝေးခြင်းက အဓိက မကျပဲ အမှန်တကယ်ကောင်းကျိုးပြုခြင်းမပြုခြင်းကသာ အဓိက ကျကြောင်း လောက နီတိက ဆိုထားတာဖြစ်ပါတယ်

Wednesday, September 9, 2009

ကလောင်သွား

မိတ်ဆွေများခင်ဗျား ဒါးသွားထက် ကလောင်သွားထက်ဆိုသော စကားပုံ ရှိပ်ါတယ်။ကလောင်သွားဟာ ဒါးသွားထက် သာမက သေနတ်၊ ဒုံးကျည်၊ နျူကလီးယားလက်နက် တွေထက်လည်း ပို၍ထက်မြက်နေ ဆဲဖြစ်ပ်ါတယ်။ယနေ့ မြန်မာနိုင်ငံကို ဗိုလ်ကျနေတဲ့ အာဏာရှင်သွား နိုင်လိုမင်းထက်သွား၊အဓမ္မသွား များကို ယှဉ်ပြိုင်ခုတ်လှီးနိုင်ဖို့ ၊ထိုးဆွ အပြတ်ရှင်းနိုင်ဖို့ ဒီဘလော့ကို ရေးသားဖန်တီးရခြင်းဖြစ်ပါတယ်။ စစ်အာဏာ ရှင် စနစ်ကို တိုက်ဖျက် နေတဲ့ ဘလော့များစွားအနက်က အုပ်တစ်ချပ်သဲတစ်ပွင့် ဖြစ်စေ၊ ကွက်လပ်တစ် နေ ရာဖြစ်စေ ပါဝင်ခွင့်ရအောင် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ရည်ရွယ်ထား ကြောင်း အသိပေးအပ်ပါ တယ်ခင်ဗျာ။